ဘောလုံးသမားများပါလာသည့် လေယာဉ်သို့ အတွင်းခံသာဝတ်သည့် မော်ဒယ်များစေလွှတ်မှုဖြင့် Vietjet လေကြောင်းလိုင်း အပြင်းအထန် ဝေဖန်ခံနေရ
အသက် ၂၃ အောက် ဗီယက်နမ်ဘောလုံးအသင်း၏ အိမ်ပြန်လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါစေရန် အလွန်မလုံမခြုံဝတ်ဆင်ထားသည့် မော်ဒယ်မိန်းကလေးများကို စေလွှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ဗီယက်နမ်၏ ဘတ်ဂျက်လေကြောင်းလိုင်းမှာ ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။ ထိုလုပ်ရပ်သည် အပေါစားဆန်သည့် PR ထွင်လုံးတစ်ခုဟု လူမှုမီဒီယာများတွင် ပြစ်တင်ဝေဖန်ခဲ့ကြပြီးနောက် ယခုကဲ့သို့ တောင်းပန်မှုထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
ဘီကီနီဝတ်ဆင်သော လေယာဉ်မယ်များကြောင့် လူသိများသည့် Vietjet လေကြောင်းလိုင်းသည် တရုတ်မှပြန်လာသော ဘောလုံးသမားများစီးနင်းလာသည့် လေယာဉ်ပေါ်သို့ မလုံမခြုံဝတ်ဆင်ထားသည့် မော်ဒယ်များကို လိုက်ပါစေခဲ့ခြင်းဖြင့် အပြင်းအထန် ဝေဖန်ခံနေရခြင်းဖြစ်သည်။ ဇန်န၀ါရီ ၂၇ ရက်က တရုတ်တွင်ကျင်းပခဲ့သော အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗီယက်နမ်အသင်းသည် ဥဇဘက်ကစ္စတန်အသင်းကို ရှုံးနိမ့်ပြီး ဒုတိယနေရာသာရရှိခဲ့သည်။
ထို့နောက် ကွန်မြူနစ်နိုင်ငံဗီယက်နမ်၏ လူမှုမီဒီယာပေါ်တွင် လေယာဉ်ပေါ်မှဓာတ်ပုံများ ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ ယင်းတို့ထဲမှ ဓာတ်ပုံတစ်ပုံတွင် ရင်ဘတ်ပိုင်းကိုသာ ဖုံးထားသည့် ငွေရောင်လည်ဟိုက်ခါးပေါ်အင်္ကျီနှင့် အနီရောင်အတွင်းခံဘောင်းဘီတို့ ၀တ်ဆင်ထားသော မော်ဒယ်မိန်းကလေးတစ်ဦးသည် ရှက်ရွံ့နေပုံပေါ်သည့် အမျိုးသားငယ်တစ်ဦးအား ဖက်ထားသည်ကို တွေ့ရသည်။ နောက်တစ်ပုံမှာမူ ဘောလုံးအသင်းအတွက် Vietjet မှ စင်းလုံးငှားပေးသည့် လေယာဉ်၏ရှေ့တွင် အနီရောင်အတွင်းခံဝမ်းဆက်ပေါ်၌ စီးကွင့်နှင့် ငှက်မွေးတောင်များပါသည့် ခြုံလွှာကိုဝတ်ဆင်ထားကာ မတ်တတ်ရပ် ဓာတ်ပုံရိုက်ခံနေသည့် မော်ဒယ်တစ်ဦးကို တွေ့ရသည်။
သို့သော် ဗီယက်နမ်အင်တာနက်အသုံးပြုသူများမှာမူ လေကြောင်းလိုင်း၏ မော်ဒယ်များနှင့်ပတ်သက်၍ သဘောမတွေ့ဖြစ်ခဲ့ကြသည်။
“Vietjet ရဲ့လုပ်ရပ်ဟာ တအားရိုင်းပြီး အပေါစားဆန်ပါတယ်။ ဒါ့အပြင်ဘောလုံးအသင်း၊ ပရိတ်သတ်တွေနဲ့ နောက်ဆုံး သူရဲ့ခရီးသည်တွေကိုပါ စော်ကားရာရောက်နေပါတယ်” ဟု Nguyen My Linh အမည်ြ့ဖင့် Facebook အသုံးပြုသူတစ်ဦးကရေးခဲ့သည့် အဆိုပါပို့စ်သည် like ၁၇၀၀ ရရှိခဲ့ပြီး လူ ၁၀၀ ကျော်က ပြန်ဝေမျှခဲ့ကြသည်။
ဇန်န၀ါရီ ၂၈ ရက်တွင်မူ ထိုထွင်လုံးအတွက် Vietjet သည် ပြန်လည်တောင်းပန်ခဲ့ပြီး ယင်းသည် ကြုံရာကြုံပန်းဖန်တီးခဲ့ပြီး ကောင်းမွန်သည့်တွေးခေါ်မှုမဟုတ်သော ဈေးကွက်ဗျူဟာတစ်ခုဖြစ်ခဲ့သည်ဟု ပြောကြားသွားခဲ့သည်။ ထိုကိစ္စနှင့်ပတ်သက်သော ၀န်ထမ်းများကိုလည်း အရေးယူသွားမည်ဟု ထုတ်ပြန်ခဲ့သည်။
SHARE FROM eleven media group
ဘောလုံးသမားများပါလာသည့် လေယာဉ်သို့ အတွင်းခံသာဝတ်သည့် မော်ဒယ်များစေလွှတ်မှုဖြင့် Vietjet လေကြောင်းလိုင်း အပြင်းအထန် ဝေဖန်ခံနေရ
Reviewed by Unknown
on
January 29, 2018
Rating:
No comments:
Post a Comment