ပြီးခဲ့တဲ့အပတ်က လူတစ်ယောက်ဟာ အိမ်မှာမွေးထားတဲ့စပါးအုံး မြွေအရစ်ပတ်ခံရတာကြောင့် အသက်ရှူကြပ်ပြီး သေဆုံးခဲ့ကြောင်း သတင်းတင်ခဲ့ပါသေးတယ်။ ထိုအဖြစ်အပျက်ဖြစ်ပွားပြီး နောက်မှာတော့ စပါးအုံးမြွေကြီးတစ်ကောင်က အနှိပ်စက်ခံရကာ သေဆုံးနေတဲ့သတင်း ရရှိခဲ့တာပါ။
စပါးအုံးကြီးဟာ မြန်မာစပါးအုံးမျိုးဖြစ်ပြီး ဦးခေါင်းခွံကြေမွနေကာ ကိုယ်လုံးကြီးကိုလည်း ကြိုးတွေထုံးသလို ထုံးခံထားရတာကြောင့် လက်စားခြေတဲ့အနေနဲ့ အသတ်ခံရတာဖြစ်နိုင်ကြောင်း ယူဆရပါတယ်။ ဒါ့အပြင် မြွေကြီးရဲ့ အဆုတ်ဟာလည်း ၀က်အူလှည့်နဲ့အထိုးခံထားရပြီး သူ့ကိုလယ်ကွင်းထဲမှာ လာပစ်ထားခဲ့တာဖြစ်ပါတယ်။
မြွေအသေကိုတော့ မြွေအလမ္ပာယ်ဆရာဖြစ်သူ Geraint Hopkins နဲ့ ဇနီးဖြစ်သူ Yolande Hopkins တို့က တွေ့ရှိခဲ့ပါတယ်။ Yolande ရဲ့ ပြောဆိုချက်အရတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း Dan Brandon ဆိုသူဟာ အိမ်မှာ မွေးထားတဲ့ (၈)ပေအရှည်ရှိ African Rock စပါးအုံးကြီး အရစ်ပတ်ခံရတာကြောင့် သေဆုံးခဲ့ကြောင်း ပြောပြပါတယ်။
ယခုအပတ်မှာတော့ စပါးအုံးကြီးတစ်ကောင်က အခုလို အသတ်ခံရပြီး အလွှင့်ပစ်ခံခဲ့တာကို တွေ့ရတဲ့အတွက် သူမအနေနဲ့ လက်စားချေတာလို့ထင်ကြောင်း ဆိုပါတယ်။ Dan Brandon သေဆုံးမှုနဲ့ပတ်သက်ပြီး လူတွေက မကျေမနပ်ဖြစ်တာကြောင့် မြွေကို သတ်တာဖြစ်နိုင်ကြောင်း၊ ဒါမှမဟုတ်ရင် စပါးအုံးမြွေပိုင်ရှင်က Dan Brandon လိုမျိုး သူသေမှာစိုးတာကြောင့် အခုလိုလုပ်တာဖြစ်နိုင်ကြောင်းလည်း အမျိုးမျိုးထင်ကြေးပေးကာ သူမကဆိုပါတယ်။ အခုအဖြစ်အပျက်စာ Dan သေဆုံးတဲ့ နေရာနဲ့ မိုင်ပေါင်း (၁၆၀)အဝေးမှာ ဖြစ်တာပါ။
Yolande က “ကျွန်မတို့က တနင်္ဂနွေမနက်မှာ ဒီမြွေကို တွေ့ခဲ့တာပေါ့။ မြွေရဲ့ခေါင်းကို အုတ်ခဲနဲ့ အထုခံထားရပုံပဲ။ ခေါင်းခွံက ကြေမွနေတယ်လေ။ နောက်ပြီး သူ့ကိုယ်လုံးကိုလည်း ထုံးထားသေးတယ်။ အဆုတ်ကိုလည်း ၀က်အူလှည့်နဲ့ဖောက်ထားတယ်။ မြွေကရေခဲလို ခဲနေတယ်လေ။ တချို့ကလည်း သတ်ပြီး အအေးခန်းထဲမှာ ထည့်ထားတယ်လို့ပြောတာပဲ။” လို့ဆိုပါတယ်။
သူမက မြွေတွေကို အခုလိုမျိုးသတ်ပြီး စွန့်ပစ်ထားတာဟာ စက်ဆုပ်စရာကောင်းတဲ့အကြောင်း ပြောပြပါတယ်။ ဒါ့အပြင် မြွေကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးမြူတဲ့အခါ အန္တရာယ်ရှိနိုင်တာကြောင့် သူတို့ကို ဂရုတစိုက် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ မြန်မာစပါးအုံးမျိုးဟာ မြွေကြီးမျိုးထဲမှာပါဝင်တာကြောင့် သူတို့အရွယ်ရောက်လာတဲ့အခါ လူ(၂)ယောက် အနည်းဆုံး ဂရုပြုစောင့်ကြည့်သင့်ကြောင်းလည်း Yolande က အကြံပေးခဲ့ပါသေးတယ်။
လင်းလင်း(ShweMom)
လက်စားချေတဲ့အနေနဲ့ ရက်ရက်စက်စက် အသတ်ခံထားရတဲ့ မြန်မာစပါးအုံးမြွေကြီး
Reviewed by Unknown
on
February 01, 2018
Rating:
No comments:
Post a Comment